မိန်းမကိုယ် အရည်အရောင်က ပြောပြနေတဲ့ ကျန်းမာရေးသတင်းစကားများ
မိန်းမကိုယ်ကဆင်းတဲ့ အရည်ဆိုတာက အဖြူဆင်းတာလိုမျိုး ကျိချွဲချွဲ အရည်တွေကို ဆိုလိုတာပါ။ ဒီအရည်ထဲမှာ မိန်းမကိုယ်က ထွက်တဲ့ အရည်တွေနဲ့ သားအိမ်က အကျိအချွဲတွေပါ။ ဒီဆင်းတဲ့ ပမာဏက အမျိုးသမီး တစ်ယောက် နဲ့ တစ်ယောက် မတူသလို အခြေအနေကို လိုက်ပြီး အရောင်လည်း ကွာခြားနိုင်ပါတယ်။
များသောအားဖြင့် မိန်းမကိုယ်က ဆင်းတဲ့ အရည်တွေက အကြည်ရောင် နဲ့ အဖြူရောင်နှစ်နှစ် အရောင်တွေ များပေမယ့် ရောဂါပိုး ကူးစက်ခံရတာမျိုးဖြစ်ချိန်မှာ အရောင်တွေ ပြောင်းလဲတာမျိုး ရှိပါတယ်။ ဗဟုသုတရအောင် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်နော်။
မိန်းမကိုယ်က အရည်တွေဆင်းတာက မိန်းမကလေးတွေရဲ့ ပထမဆုံး ရာသီစက်ဝန်း စတင်ချိန်မှာ စဆင်းပါတယ်။ မိန်းမကိုယ်က ဆင်းတဲ့ အရည်က လုပ်ငန်းတာဝန်များစွာကို လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ မိန်းမကိုယ်အရည်တွေက မိန်းမကိုယ်ကို သန့်ရှင်းပေးသလို အတူနေချိန်မှာလည်း ချောဆီအဖြစ် လုပ်ဆောင်ပေးပါတယ်။ ကူးစက်ရောဂါပိုးတွေ မဝင်ရောက်အောင်လည်း ကာကွယ်ပေးတဲ့ တာဝန်ကို ယူထားပါသေးတယ်။
ကျန်းမာတဲ့ မိန်းမကိုယ်ကဆင်းတဲ့ အရည်
မိန်းမကိုယ်က ဆင်းတဲ့အရည်က ရာသီစက်ဝန်းအတွင်းမှာ ပြောင်းလဲမှုရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိန်းမကိုယ်က ဆင်းတဲ့အရည်တွေက ကြည်ပါတယ်။ ကျဲနိုင်သလို အရည်ပျစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့ အနံ့မရှိပါဘူး။ အချိန်ကာလကို လိုက်ပြီး ဆင်းတဲ့ ပမာဏကတော့ ကွာခြားနိုင်ပါတယ်။
အမျိုးသမီးတစ်ယောက်အနေနဲ့ သားဥကြွေချိန်မှာတော့ မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ပုံမှန်ထက် ပိုများပြီး ပိုပျစ်လာတာကို တွေ့ရနိုင်ပါတယ်။ အရောင်အနေနဲ့ကတော့ အဖြူရောင်ရှိမှာပါ။ ဒီလိုဆင်းတဲ့ ပမာဏကတော့ လိင်မှုဆိုင်ရာ အပြုအမူတွေနဲ့ သားဆက်ခြားနည်းတွေကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။
မိန်းမကိုယ် အရည် အမျိုးအစားတွေ
မိန်းမကိုယ်အရည်က ကြည်တာ၊ ဖြူတာ၊ အနံမရှိတာက ကျန်းမာတဲ့ အနေအထားပါ။ တကယ်လို့ မိန်းမကိုယ်က ဆင်းတဲ့အရည်က အရောင်၊ ပမာဏ၊ အနံ့အသက်တွေ ပြောင်းလဲတာလာတာက ကျန်းမာရေး ပြဿနာ ရှိနေပြီဆိုတာကို ဖော်ပြနေတာပါ။
အချို့သော အခြေအနေတွေမှာ မိန်းမကိုယ်က ဆင်းတဲ့ အရည်တွေရဲ့ အရောင်အဆင်း၊ အနံ့တွေနဲ့ ရောဂါအခြေအနေကို တိတိကျကျ ဖော်ထုတ်ဖို့ ခက်တာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာ ကျန်းမာရေးပြဿနာ ရှိနေပြီဆိုရင် မိန်းမကိုယ်က ထွက်တဲ့ အရည်တွေရဲ့ အရောင်နဲ့ အနဲ့အသက်တွေအပြင် အခြားလက္ခဏာတွေဖြစ်တဲ့ ပူစပ်ပူလောင်ဖြစ်တာ၊ ယားယံတာ၊ မအီမသာဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
အောက်မှာ မိန်းမကိုယ်က ထွက်တဲ့ အရည်တွေနဲ့ ကျန်းမာရေးအခြေအနေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင် ဖတ်ရင်း ဆန်းစစ်နိုင်ဖို့ပါ။
အနီရောင်
- ရာသီသွေးဆင်းတော့မယ်။ သွေးဆင်းတာ ရက်ပြီးတော့မယ်
- သားအိမ်ခေါင်း ပိုးဝင်နေတယ်
- သားအိမ်ခေါင်း အသားပို ရှိနေတယ်
- သားအိမ်ခေါင်းကင်ဆာ ရှိနေတယ်
ပန်းရောင်
- သားအိမ်ခေါင်း သွေးထွက်နေတယ်
- မိန်းမကိုယ် ယားယံနေတယ်
- သားအိမ်နံရံမှာ မျိုးဥလေး ကပ်တွယ်နေတယ် (ကလေးရတာပါ)
အဖြူရောင်
- ကျန်းမာတယ်
- မှိုပိုး ကူးစက်နေတယ် ( အနံ့ရှိနိုင်ပါတယ်)
စိမ်းဖန့်ဖန့်
- လိင်ကတဆင့် ကူးစက်ရောဂါပိုး တစ်ခုခု ဝင်ရောက်နေတယ် ဥပမာ - trichomoniasis
အကြည်ရောင်
- ကျန်းမာတယ်
- ကိုယ်ဝန်ရှိနေတယ်
- သားဥကြွေတယ်
- ဟော်မုန်းမမျှတဘူး ဖြစ်နေတယ်
မီးခိုးရောင်
- ဘက်တီးရီးယားပိုးဝင်ပြီး မိန်းမကိုယ်ရောင်ရမ်းနေတယ်
ဘယ်လို ကာကွယ်မလဲ
ပုံမှန်ကတော့ မိန်းမကိုယ်ကို ကာကွယ်မှု လုပ်ဖို့ မလိုပါဘူး။ ဒါပေမယ့် ထိခိုက်မှု မရှိစေဖို့ ဒီအချက်လေးတွေကိုတော့ ဂရုစိုက်ဖို့ လိုပါမယ်။
- မိန်းမကိုယ်အတွင်းပိုင်းအထိ ဆေးကြောတာမျိုး မလုပ်ပါနဲ့။ မိန်းမကိုယ် ပိုးဝင်ကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးထားတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေ ပျက်စီးနိုင်လို့ပါ။
- မှိုပိုးကူးစက်ခံရမှုကို ကာကွယ်ဖို့ လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ ချည်သားအတွင်းခံ ဝတ်ဆင်ပါ။
- အနံ့မပါတဲ့ ဆပ်ပြာ၊ လစဉ်သုံး၊ တမ်ပွန်တွေ သုံးပါ။ အနံ့ပြင်းတာတွေက မိန်းမကိုယ်ထဲက ကောင်းကျိုးပြု ဘက်တီးရီးယားလေးတွေကို ပျက်စီးစေပြီး ပိုးဝင်စေနိုင်လို့ပါ။
- အတူနေတိုင်း ကွန်ဒုံးသုံးပါ။
ဘယ်အခြေအနေမှာ ဆရာဝန် ပြဖို့ လိုမလဲ
ပုံမှန်မဟုတ်တဲ့ မိန်းမကိုယ်က အရည်တွေဆင်းတာက ပိုးဝင်ကူးစက်နေတယ်ဆိုတာကို ပြသနေသလို ကုသမှု ခံယူဖို့ လိုအပ်နေတယ်ဆိုတာကိုလည်း ပြသနေတာပါ။
- မိန်းမကိုယ်က ဆင်းတဲ့အရည်တွေက အစိမ်းရောင်၊ အဝါရောင်တွေ ဖြစ်နေမယ်
- မိန်းမကိုယ်က ယားယံနေမယ်။ ပူစပ်ပူလောင် ဖြစ်နေမယ်
- ငါးညှီနံ့လို အနံ့ဆိုးတွေ ထွက်နေမယ်
- တင်ပဆုံထဲက နာကျင်မယ် စတာတွေ ခံစားရမယ်ဆိုရင် ကုသမှု ခံယူဖို့ အကြံပြုပါရစေ။
မွန်မွန်